International News

ဂျပန်နိုင်ငံအနေဖြင့် ပထမ ၃ လပတ်၏ ဂျီဒီပီ ကျဆင်းနိုင်မည်ဟု ခန့်မှန်း

Last Updated:

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုဖြစ်ပွားနေပြီး စီးပွားရေး ထိခိုက်မှုများ ကြုံတွေ့နေရ သည့်အတွက် ဂျပန်နိုင်ငံအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှ မတ်လအထိ ၃ လပတ်ကာလ၏ ပြည်တွင်း အသားတင်ထုတ်ကုန်တန်ဘိုး (GDP) ကျဆင်းမည်ဟု စီးပွားရေးကျွမ်းကျင်သူများက ခန့်မှန်းထားပါသည်။

ဂျပန်နိုင်ငံ၏ ၂၀၂၀ ပြည့်နှစ်အတွက် စီးပွားရေး တိုးတက်မှုနှုန်းသည် အနှုတ်  (- ၃.၅%) မှ အနှုတ် (- ၆.၅%) အတွင်း ရှိမည်ဖြစ် ကြောင်း၊ ထိုကျဆင်းမှုနှုန်းသည်  ၃ လပတ်ကာလ နှစ်ကြိမ်ဆက်တိုက်  စီးပွားရေးကျဆင်းနိုင်မည်ဖြစ်ကြောင်း ပုဂ္ဂလိကသုတေသန ဌာန ၁၀ ခု က ခန့်မှန်းပြောဆိုခဲ့ပါသည်။

ပထမ ၃ လပတ်ကာလအတွက် ကျဆင်းမှု၏ နောက်ခံအကြောင်းရင်းသည် ပြီးခဲ့သည့် ၂၀၁၉ အောက်တိုဘာလက အစိုးရ၏ စားသုံးခွန်နှုန်းထားများ တိုးမြှင့်ခဲ့ခြင်း ကြောင့်ဖြစ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှ မတ်လအထိ ၃ လပတ်ကာလအတွင်း ကိုရိုနာကပ်ရောဂါပြန့်ပွားမှုကို ထိန်းချုပ်ရန် အစိုးရက ပြည်သူများအား နေအိမ်ပြင်ပမထွက်ကြရန်၊ ခရီးသွားခြင်းများနှင့် အပြင်ထွက် ဝယ်ယူစားသောက်ခြင်းများ ရှောင်ကြဉ်ကြရန် တိုက်တွန်းခဲ့သဖြင့် လူတစ်ဦးချင်းစီ၏ ဝယ်ယူစားသုံးမှု လည်းကျဆင်းခဲ့ခြင်းဖြစ်ပါသည်။ ထို့အပြင် ကမ္ဘာနှင့်အဝှမ်းစီးပွားရေးဆောင်ရွက်မှုများရပ်တန့်နေသဖြင့် နိုင်ငံ၏ ကုန်သွယ်မှုလည်း ကျဆင်းခဲ့ကြောင်း သုံးသပ် ကြပါသည်။

ပုဂ္ဂလိကသုတေသနဌာန ၁၀ ခုက ၂၀၂၀ ပြည့်နှစ်၊ ဧပြီလမှ ဇွန်လအတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် စီးပွားရေးထိခိုက်မှုများ ပိုမိုကြီးမားလာနိုင်ကြောင်း၊ ကျွမ်းကျင်သူအချို့က ၂၀၀၈ ခုနှစ်က တွေ့ကြုံခဲ့ရသည့် ကမ္ဘာ့ငွေကြေးအကျပ်အတည်းကာလကထက်ပင် ပိုမိုကာ စီးပွားရေးကျဆင်းမှု ၂၀ % ထက်ကျော်လွန်နိုင် ကြောင်းခန့်မှန်းနေကြပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

ရင်းမြစ်။   The Cabinet Office of Japan, The Prime Minister’s Office of Japan, METI, Japan,The Japan Times, The Japan News, The Asahi Shimbun, The Nikkei Asian Review, The NHK World,The NNA Asia News.

Category: International News